ဥတ္တရသီရိမြို့နယ် ဗိုလ်ရွေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ဥတ္တရသီရိ ဒီဇင်ဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဗိုလ်ရွေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဗိုလ်ရွေး အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေနုက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေးနှင့် ဗလငါးတန်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင်နိုင်စေရန်ပြောကြားကာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင်ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်များနားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်နှင့်အတူ Grade-12မှ မောင်အောင်မျိုးသန့်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-10မှ မဇင်ဇင်လင်းက လူငယ်နှင့်စာပေ၊ Grade-7မှ မောင်ဖြိုးဆန်းနောင်က လူငယ်နှင့်အနာဂတ်၊ Grade-5မှ မောင်သက်ပိုင်ထွေးက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-4မှ မောင်ကောင်းပြည့်သျှန်က လူငယ်နှင့်ကျန်းမာရေးစသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြသည်။

ယင်းနောက် အထက်တန်းပြဆရာမ ဒေါ်ခင်ပပလင်းက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်ကြိုးစားဖို့လိုကြောင်းပြောကြားခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အခမ်းအနားအပြီးတွင် စာဖတ်ရှိန်မြှင့်တင်ရေးနံရံကပ်ပြဘုတ်များပြသခြင်းနှင့် သုတရသ စာအုပ်၊ စာစောင်များ ပြသခြင်းကိုဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းသို ဥတ္တရခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်‌ဆွေဆွေနုနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၈၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပြန်/ဆက်)