ဟိုပုံး ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ရန်ကင်းအခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းအခြေခံပညာမူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက ကျောင်းသား၊ ကျောင်းသူများ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးဖြတ်မရသည့်ရတနာများဖြစ်သဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များကိန်းအောင်းနေစေရန်အတွက် အသိပညာပေးဟောပြောသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က မြို့နယ်အတွင်းဖြစ်ပွားနိုင်သည့် ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေးစသည့် ဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဘေးအန္တရာယ်တစ်ခုခုကြုံတွေ့ရပါက ဆောင်ရန်/ရှောင်ရန်နည်းလမ်းများ၊ ဘေးအန္တရာယ်ကြုံတွေ့လာပါက မိမိနှင့်အတူယူဆောင်သွားရန်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများအား ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောပြီးနောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်လဲ့လဲ့မွန်က မီးခိုးမြူငွေ့ဆိုသည့် အဓိပ္ပာယ်၊ မော်တော်ကား၊ စက်ရုံ၊ ဇီဝပစ္စည်းလောင်ကျွမ်းမှု၊ တောင်ယာများမီးရှိခြင်း၊ နေအိမ်မှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား မီးရှို့ခြင်းများကြောင့်ဖြစ်ပေါ်လာနိုင်သော မီးခိုးမြူငွေ့ဆိုးကျိုးအန္တရာယ်များ၊ မီးခိုးမြူငွေ့ကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်ခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နည်းလမ်းများစသည့်အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဆွေးနွေးသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)