နေပြည်တော် ဒီဇင်ဘာ ၁၁
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မြန်မာ့မီးရထား၊ မြို့ပြနှင့် အင်ဂျင်နီယာဌာန လက်ထောက်အင်ဂျင်နီယာရုံးခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြပိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါအကျိုး ခံစားခွင့်များအကြောင်းနှင့် ယခုကဲ့သို့ အလုပ်ခွင်အတွင်းမတော်တဆထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းအတွက် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်ထုတ်ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြပိုက ဒက္ခိဏသီရိမြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသော “မြန်မာ့မီးရထားမြို့ပြအင်ဂျင်နီယာဌာန”မှ ဝန်ထမ်းတစ်ဦးဖြစ် သည့် အာမခံအလုပ်သမား ဒေါ်ယုဇနလင်း၏ လုပ်ငန်းအတွင်းထိခိုက်မှုကြောင့် အမြဲတမ်းလုပ်အားဆုံးရှုံးမှု ၁၀၀ ရာခိုင်နှုန်းနှင့် အမြဲမပြတ်ပြုစုစောင့်ရှောက်ရန် ၁၀ ရာခိုင်နှုန်း၏ ၉ နှစ်စာအတွက် ငွေလုံးငွေရင်း အကျိုးခံစားခွင့်ငွေကျပ် တစ်ရာတစ်ဆယ့်ကိုးသိန်းခုနှစ်သောင်းငါးထောင်လေးဆယ်ကျပ်တိတိကို ကာယကံရှင်ဖြစ်သူ ဒေါ်ယုဇနလင်းထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အကျိုးခံစားခွင့်ရရှိသူ၏ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)