ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဓနုဒေသအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

ပင်းတယ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်နေမှုအခြေအနေများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပင်းတယမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းအိမ်ယာအဆောက်အဦအခြေအနေများနှင့် ပွေးလှကျေးရွာအုပ်စု၊ ပွေးလှဈေးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ဝါတရာ-ပွေးလှတံတား ဆောက်လုပ်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက် ကျားကုန်းကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့် ဆီနေကြာစိုက်ခင်းနှင့် ကျားကုန်းကျေးရွာအတွင်း ကွန်ကရစ်လမ်းဆောင်ရွက်ထားထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ကျုံးကျေးရွာသို့သွားရောက်၍ အခြေခံပညာအထက်တန်းကျောင်း(ကျုံး)ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း၌ ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက အဆောက်အဦတည်ဆောက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ဒေသပြန်/ဆက်)