ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတက်ရောက်

စစ်တွေ ဒီဇင်ဘာ ၁၁

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီး ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နှစ်စဉ်နိုဝင်ဘာ(၂၅)ရက်နေ့မှ ဒီဇင်ဘာ(၁၀)ရက်နေ့အထိကာလသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက် တာလှုပ်ရှားမှု ကာလဖြစ်ကြောင်း၊ ကျား၊ ဖြစ်ခြင်းကို အခြေခံပြီး ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ ပပျောက်ရန်အတွက် ၁၉၉၁ခုနှစ်မှာ   ကမ္ဘာလုံးဆိုင်ရာ   အမျိုးသမီးခေါင်းဆောင်မှုဗဟိုဌာန(Center for Women’s Global Leadership)က နိုင်ငံတကာလှုပ်ရှားမှုအသွင်ဖြင့် (၁၆)ရက်တာလှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ အမျိုးသမီးများနှင့်အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှုသည်ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး လူ့အခွင့်အရေးချိုးဖောက်မှုများထဲက တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် လုပ်ငန်းခွင်များတွင်လည်းကောင်း  Online များမှ လည်းကောင်း မတူညီသော ဝန်းကျင်နေရာဒေသအလိုက် တိုးပွားလျက်ရှိကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးမှာ ဖြေရှင်း ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ မိမိတို့အားလုံးအတူတကွစုပေါင်းပြီး တားဆီးကာကွယ်၍ ရနိုင်ကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများစွာဖြစ်စေသည့်အပြင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှုကိုအဟန့်အတားဖြစ်စေကြောင်း၊ နိုင်ငံ့လူဦးရေ၏ထက်ဝက်ကျော်ရှိသော အမျိုးသမီးများသည် ပုံစံမျိုးစုံသောအကြမ်းဖက်မှုများကို ကြုံတွေ့နေရမည်ဆိုလျင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာနှောင့်နှေးစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်မကရှိသော အမျိုးသမီးထုကြီး၏ အခွင့်အရေးကို ဖော်ထုတ်ပေးခြင်း၊ စွမ်းဆောင်ရည်နှင့် အရည်အသွေးများကို မြှင့်တင်ပေးပြီး အသိအမှတ်ပြုပေးခြင်း နှင့် မိန်းကလေးငယ်များနှင့်အမျိုးသမီးများ ကြုံတွေ့နေရသော အခက်အခဲအတားအဆီးများကို ကြိုတင်ဖြေရှင်းပေးခြင်းများသည် တစ်နည်းအားဖြင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့စွမ်းအား အရင်းအမြစ်ကို မြှင့်တင်ခြင်းပင်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် နှစ်စဉ်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဆောင်ပုဒ်များချမှတ် ဆောင်ရွက်ခဲ့ရာ ယခုနှစ်၂၀၂၄ ဆောင်ပုဒ်မှာ “Towards 30 years of the Beijing Declaration and Platform for Action : UNITE to End Violence Against Women” အားအမျိုးသမီးအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ အားလုံးပေါင်းစု ကြိုးပမ်းလို့ ဘေဂျင်းကြေညာ စာတမ်းနဲ့ လုပ်ငန်းစီမံချက် နှစ်(၃၀)ပြည့်ဆီ အရောက်လှမ်းစို့ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် အာဆီယံ ဒေသအဆင့်များမှာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သဘောတူညီမှုများကို အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်အဆင့်မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ဒေသဆိုင်ရာ အမျိုးသမီးကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေး ဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများစီစဉ်ပေးခြင်း၊ အခြားသောဝန်ဆောင်မှုများ ရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက် ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများ ယာယီလုံခြုံရေးလိုအပ်ပါက ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ လွိုင်ကော်၊ မုံရွာနှင့် စစ်တွေ စုစုပေါင်း()မြို့တွင် (One Stop Women Support Center-OSWSC)များကို ဖွင့်လှစ်ထားရှိ ပြီး ဝန်ဆောင်မှုဆိုင်ရာလမ်းညွှန်ချက် Guideline ချမှတ်ကာ ဝန်ဆောင်မှုများပေးလျက်ရှိကြောင်း၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုနှင့် စပ်လျဉ်းပြီး ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်းလုပ်ငန်း စဉ်များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာ အစိုးရဌာနအစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် အကြမ်းဖက်ခံရသူအမျိုးသမီးများအတွက် လိုအပ်သည့်အချိန်အတွင်းတွင် လိုအပ်သောဝန်ဆောင်မှုများ လွယ်လင့်တကူ လက်လှမ်းမီရရှိနိုင်ရေး ကဏ္ဍအသီးသီးတွင် အားလုံးပါဝင်ခြင်းဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများလျော့နည်းပပျောက်ရေးကို ဦးတည်ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ဒေါ်နှင်းဇာခြည်ဦးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းအားပြသသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၄)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး စားရိပ်သာ၌ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အထူးနေ့လယ်စာစားပွဲသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားကာ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်ငွေကျပ် (၈၅) သိန်းအား ပေးအပ်ချီးမြှင့်ပြီး တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)