ကလောမြို့နယ်၊ အောင်ပန်းမြို့ စာပန်းရိပ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပ 

ကလော ဒီဇင်ဘာ ၁၁

စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက အောင်ပန်းမြို့ စာပန်းရိပ်ကိုယ်ပိုင်အတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျောင်းသား၊ ကျောင်းသူများအား လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအကြောင်း၊ ဗလငါးတန်အကြောင်းနှင့် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ 

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် လူကုန်ကူးမှုမခံရအောင် သတိပြုရမည့်အချက်များပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်၊ ကမ္ဘာ့ရွေ့လျားစာကြည့်တိုက်များသမိုင်းအကြောင်းပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)