ကျောက်ဆည်မြို့နယ် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျောက်ဆည် ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့ နံနက်(၁၀) နာရီက ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာ ဗဟုသုတများ ရှာမှီးနိုင်ရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့် အလေ့အထ၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းမှ တာဝန်ခံကျောင်းအုပ် ဆရာမကြီး ဒေါ်ကြည်ကြည်စိန်က ကျောင်းသား‌ကျောင်းသူများ ပညာတတ်များဖြစ်အောင် ပညာကိုလေ့လာကြိုးစားသင်ယူကြရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား၊ကျောင်းသူ လူငယ်များစာအုပ်စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဖတ်ရှု့ခြင်းဖြင့် အတွေးအမြင်များ ရရှိစေပြီး ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေကာ ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များ ကိန်းအောင်းနေစေရန်အတွက် စာဖတ်ရှိန်မြင့်တင်ရေး ခေါင်းစဉ်ဖြင့်  အသိပညာပေး ဟောပြောခဲ့သည်။

အသိပညာပေး ဟောပြောပွဲအပြီးတွင်  ကျောင်းသား/ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိရေး စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)