မိုင်းဆတ်မြို့၌ မီးဘေးအန္တရာယ် အသိပညာပေး‌ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်

မိုင်းဆတ် ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းတို့ကို ယမန်နေ့ နေ့လယ် ၂ နာရီက မိုင်းဆတ်မြို့ မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  ဦးအားလွန်နှင့် တာဝန်ရှိသူများသည် မိုင်းဆတ်မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများတွင်ထားရှိသော မီးသတ်ဆေးဘူးများ အသုံးပြုပုံနှင့် သက်တမ်းကုန်၊ မကုန် စစ်ဆေးခြင်းနှင့် လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်ခုံများအား မီးဘေးအန္တရာယ်ကင်း‌ရှင်းစွာ အသုံးပြုထားခြင်း ရှိ/မရှိတို့ကို  လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များမှာကြားကာ တာဝန်ရှိသူများက မြို့မဈေးရှေ့တွင် မီးသတ်ဆေးဘူးအသုံးပြုပုံနှင့် မီးငြှိမ်းသတ်ခြင်းပုံစံများကို  ဈေးသူ၊ ဈေးသားများအား လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသပေးခြင်းလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဒုတိယရဲမှုး၊  မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်းနှင့် ဝန်ထမ်းများ၊  ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်လျှပ်စစ်မှ အငယ်တန်း-၄၊ စက်မှု ဦးထွန်းမင်းလတ်နှင့် ဈေးသူဈေးသားများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)