ဟိုပုံးမြို့နယ်တွင် မီးခိုးမြူငွေ့အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဟိုပုံး ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မီးခိုးမြူငွေ့ဖြစ်ပေါ်ခြင်းကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်လာရပြီး လူသားများနှင့် ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများအား သိရှိနားလည်စေရန်ရည်ရွယ်၍ မီးခိုးမြူငွေ့အန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က အခြေခံပညာမူလတန်းကျောင်း(ဂနိုင်ထုံ)၌ ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်လဲ့လဲ့မွန်က မီးခိုးမြူငွေ့ဆိုသည့်အဓိပ္ပာယ်၊ မော်တော်ကား၊ စက်ရုံ၊ ဇီဝပစ္စည်းလောင်ကျွမ်းမှု၊ တောင်ယာများမီးရှို့ခြင်း၊ နေအိမ်မှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား မီးရှို့ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သော မီးခိုးမြူငွေ့ဆိုးကျိုးအန္တရာယ်များ၊ မီးခိုးမြူငွေ့ကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်ခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နည်းလမ်းများ စသည့်အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ ၉၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)