ကျိုက်မရော ဒီဇင်ဘာ ၁၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မေသရဖူလှုမှုပရဟိတအသင်းမှ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျိုက်မရောမြို့ရသေ့ကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် ကျိုက်မရောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးစိန်ဝေက အမှာစကားပြောကြားရာ၌ နှစ်စဥ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိကာလသည် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုကာလဖြစ်ကြောင်း အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ပေးခြင်းသည် မိမိတို့နိုင်ငံ၏ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်သောကြောင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ရပ်တန့်ဖို့ အားလုံးပေါင်းစုကြိုးပမ်းစို့ ဘေဂျင်းကြေညာစာတမ်းပါ ဆောင်ပုဒ်အတိုင်း မိမိတို့အတူတကွစုပေါင်းပြီး တားဆီးကာကွယ်၍ရနိုင်ကြောင်း(၁၆)ရက်တာလှုပ်ရှားမှုမှအစပြု၍ အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် လိုအပ်သည့်ဝန်ဆောင်မှုများ အချိန်မီရရှိနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို မွန်အမျိုးသမီးအဖွဲ့မှ မိသန်းသန်းဌေးက ပြောကြားပြီး မေသရဖူလူမှုပရဟိတအသင်းမှ သမီးငယ်လေးများက အမျိုးသမီးများအား အကြမ်းဖက်မှုမှရပ်စာတန်းဖြင့် သရုပ်ဖော်ပြသဖျော်ဖြေခဲ့ကြသည်။
ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် “မေးမယ်၊ ဖြေမယ်၊ ဆုယူမယ်” ဉာဏ်စမ်းမေးခွန်းများမေးမြန်းကာ ဖြေဆိုနိုင်သူများအား ဆုများပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် မေသရဖူလူမှုပရဟိတအသင်းမှ အမျိုးသမီးများနှင့်အသင်းသားများ စုစုပေါင်းအင်အား(၁၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)