နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်မှုနှင့် ရေဆင်းငါးလုပ်ငန်းစခန်း လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာနှင့် အိုင်စောက် ကျေးရွာအကြား ရာဂီမုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရေဆင်းဆည်ရေသောက်စနစ် လက်ယာ ၂ မြောင်းမကြီး ပေတိုင်- ၂၉၅၀၀ ပေမှ ၃၅၉၉၀ ပေအတွင်း ရေပေးမြောင်း ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ မြို့နယ်အတွင်း စိုက်ပျိုးရေးပေးဝေမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မြို့နယ်အတွင်းရေစီးရေလာကောင်းမွန်စေရေး၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲယာတွင် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးကို စံပြဖြစ်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်းမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအနီး ပင်လောင်းလမ်းဆုံ၊ ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲ/ယာရှိရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များရှင်းလင်းဆောင်ရွက်ရန်၊ ရေစီးဆင်းမှု တစ်ဆက်တစ်စပ်တည်းဖြစ်စေရေးအတွက် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ ရေဆင်းငါးလုပ်ငန်းစခန်းသို့ရောက်ရှိရာ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက ငါးလုပ်ငန်းစခန်းအတွင်း ပြုပြင်ဆောင်ရွက်နေမှုများ၊ ငါးသားဖောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးပြီး ရေဆင်းငါးလုပ်ငန်းစခန်း ငါးမွေးမြူရေးကန်များ၊ ငါးသားဖောက်ကန်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)