ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လယ်ယားတောင်ကျေးရွာအုပ်စု၊ တောင်ခြေကျေးရွာရှိ ကျေးရွာစာကြည့်တိုက်အသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် လက်ပံပင်ကျေးရွာ အုပ်စု၊ ဝါးရုံကုန်းရွာသစ် (ပြည်တော်သာ)ကျေးရွာ၊ လင်းရောင်ခြည် စာကြည့်တိုက်(အဟောင်း) ပြုပြင်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် တောင်ခြေကျေးရွာစာကြည့်တိုက်အသစ် ဆောက်လုပ်ပြီးစီးမှုများကို ကွင်းဆင်းစစ်ဆေးရာတွင် ကျေးရွာခွဲတာဝန်ခံနှင့် စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက် ဆောက်လုပ်ထားရှိမှုနှင့် ပရိဘောဂပစ္စည်းများ ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသသည်။ ယင်းနောက် လက်ပံပင်ကျေးရွာအုပ်စု ဝါးရုံကုန်းရွာသစ်(ပြည်တော်သာ) ကျေးရွာရှိ စာကြည့်တိုက် ပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြရာ၊ ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များက ရှင်းလင်းပြသကြသည်။ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တောင်ခြေ ကျေးရွာ စာကြည့်တိုက်အသစ် ဆောက်လုပ်ရန်အတွက် ငွေကျပ်သိန်း ၁၅၀ နှင့် ဝါးရုံကုန်းရွာသစ်ကျေးရွာ စာကြည့်တိုက်အဟောင်း ပြုပြင်ရန်အတွက် ငွေကျပ် သိန်း ၅၀ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါစာကြည့်တိုက်များအား (၂၈-၉-၂၀၂၄)က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ စာကြည့်တိုက် (၂)လုံး တည်ဆောက်မှုလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)