လွိုင်လင်မြို့ အ.ထ.က(၃)ကျောင်း၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

လွိုင်လင် ဒီဇင်ဘာ ၁၀

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှကြီးမှူး၍ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အမျိူသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျားမအခြေပြုအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ လွိုင်လင်ခရိုင်အမျိူသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမော်က ကျားမအခြေပြုအကြမ်းဖက်မှုပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကာကွယ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းဆေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်မြင့်က အမျိုးသမီးများနှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလုပ်သမားညွန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးဖြူက အကြမ်းဖက်မှုအမျိုးအစားများနှင့် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဖိတ်ကြားထားသောဧည့်သည်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြသည်။

လွိုင်လင်မိုး