မြစ်ကြီးနား ဒီဇင်ဘာ ၁၀
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီမှစတင်၍ သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့၊ စက်မှုရပ်ကွက်နှင့် မန်ခိန်ရပ်ကွက်အတွင်း စံပြစိုက်ကွင်း တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဗလမင်းထင်စံပြစိုက်ကွင်းသို့သွား ရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အဆိုပါ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်းပါဝင်သည့် တပ်ကုန်းကွင်း၊ စီတာပူကွင်းနှင့် မန်ခိန်ကွင်းများအတွင်း လယ်ဧရိယာများပေါ်တွင် မိုးစပါးရိတ်သိမ်းပြီးစီးမှု အခြေအနေများနှင့် ရိတ်သိမ်းပြီး လယ်မြေများပေါ်တွင် ဆောင်းသီးထပ် လယ်သီးနှံအဖြစ် ပဲပုတ်၊ နေကြာအပါအဝင် ဒေသနှင့်ကိုက်ညီပြီး စိုက်ပျိုးဖြစ်ထွန်းသည့် အသီးအနှံများ စိုက်ပျိုးနိုင်ရေး ထယ်ထိုးထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ရေဝပ်ဧရိယာများဖြစ်ပေါ်နေမှု အခြေအနေများနှင့် သီးထပ်စိုက်လယ်ဧရိယာအား ကျွဲ၊ နွားအန္တရာယ်အတွက် ကာရံထားသည့် ခြံစည်းရိုးများ ထပ်မံပြုပြင်/ တည်ဆောက်ပေးနိုင်ရေးနှင့် ပဲပုတ်စံပြစိုက်ခင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပန်းတိုင်အထွက်နှုန်းရရှိရေး အမြန်ဆုံးထယ်ရေးဝင် ထွန်ယက်ပေးနိုင်ရေး၊ ရေဝပ်တင်ကျန်မှုများပြားသည့် လယ်မြေများအား လယ်ကြားရေနှုတ်မြောင်းများ အမြန်ဆုံးပြုပြင်/ ဖောက်လုပ်ပေးနိုင်ရေး၊ စိုက်ပျိုးရေအတွက် ဆိုလာစက်ရေတွင်းများမှတစ်ဆင့် အင်ဂျန်းခချောင်း(ပင်မမြောင်းမကြီး)အတွင်း ရေသွင်းထားရှိရေးတို့အပြင် သီးခြားလိုအပ်သည့် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေးသွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး၊ လျာထားစိုက်ဧရိယာပြည့်မီအောင် တိုးချဲ့နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဗလမင်းထင်စံပြစိုက်ကွင်းအား ယခင်က မြစ်ရေကြီးမြှင့်မှု၊ မိုးရေများပြားမှုကြောင့် နှစ်စဉ် မိုးစပါးများ ပျက်ဆီးဆုံးရှုံးခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်မှ စတင်၍ ရေကြီးရေလျှံမှု၊ ရေနစ်မြှုပ်မှုများမှ ကာကွယ်နိုင်ရေး ပင်မမြောင်းမကြီး (အင်ဂျန်းခချောင်း)အပါအဝင် လယ်ကြားရေနှုတ်မြောင်းအသစ်များ ပြုပြင်ဖောက်လုပ်ပေးခြင်း၊ မြေသြဇာမြေဆီမြေနှစ်ပြည့်ဝစေရေး အသိပညာပေးဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါး တစ်ဧကလျှင် (၁၁၁. ၁၀)တင်းနှုန်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် တစ်ဧက(၁၁၈)တင်း နှုန်းနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တစ်ဧက(၁၂၀)တင်းနှုန်း ထွက်ရှိခဲ့ကြောင်းနှင့် သီးထပ်အတွက် ဆိုလာစက်ရေတွင်းများ၊ ရွေ့လျားရေတင်စက်များ၊ စိုက်ပျိုးရေးသွင်းအားစုများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သဖြင့် ပဲပုပ်၊ နေကြာ၊ မြေပဲ၊ နှံစားပြောင်းများကို စံပြစိုက်ပျိုးနိုင်ခဲ့သည့်အပြင် အခြားမြို့နယ်များမှ တောင်သူများအား စံပြကွင်းအဖြစ် စည်းရုံးပြသနိုင်ခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ မနောကွင်းအရှေ့ဘက်ရှိ ဧရာဝတီမြစ်ကမ်း၌ သဲနှုန်းတင်ကျန်မှုကြောင့် ဖြစ်ပေါ်လျက်ရှိသော မြစ်ကမ်းဘေး သဲသောင်ခုံပေါ်တွင် ဧရာဝတီမြစ်၏ အလှနှင့်အတူ စိမ်းလန်းစိုပြည်ပြီး အများပြည်သူ အပန်းဖြေနိုင်သည့်နေရာတစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းစီမံကိန်းနေရာသို့ သွားရောက်ပြီး မြစ်ကမ်းပါးတစ်လျှောက် စက်ယန္တရားကြီးများဖြင့် မြေယာရှုခင်းနှင့် ကမ်းနားအဆင်းလမ်းအား အမာခံကျောက်သား ခင်းကြိတ်ခြင်း၊ မြစ်ကျောက်တုံးများဖြင့် ရှုခင်းသာနေရာများအား အလှဆင်တည်ဆောက်ခြင်းနှင့် အင်ဂျန်းခချောင်းဆုံနေရာတွင် ဝါးတံတားတည်ဆောက်ခြင်းလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါစီမံကိန်းနေရာမှ လောကမာန်အောင်ဆုတောင်းပြည့်စေတီဆိပ်ကမ်းအထိ မြစ်ကမ်းပါးတစ်လျှောက် သဲသောင်ခုံပေါ်တွင် ပန်းနှမ်း၊ ဆီမုန်ညှင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်