မိုင်းတုံ ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ကျောက်တောင်ဂူတောရဘုန်းကြီး ကျောင်း၌(၂၅)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ(၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ရောင်ခြည်တော်ဖွင့်ဘုရားပင့် ဂါထာတော်ကို ဆရာတော်ဦးသီလာစာရက ရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော် ဦးတိလောကထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော် ဦးရေဝတမှ ပဌာန်းတရားနားကြားရန် နတ်ဗြဟ္မာများအားဖိတ်ကြားခြင်း၊ ဆရာတော် ဦးဝါယမမှ ပဌာန်းဒေသာနာတော်ရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာပဌာန်းအမွမ်းဖတ်ကြားပြီးနောက် သံဃာတော်အရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ ပဌာန်း(၂၄)ပစ္စည်း (၃)ခေါက် သံပြိုင်ရွတ်ဆိုပြီး အလှည့်ကျ ဘဏကသံဃာတော်မှ အဘိဓမ္မာ (၇) ကျမ်းကိုစတင် ရွတ်ဖတ်ပူဇော်ခဲ့သည်။
ဆင်ယင်ကျင်းပသည့် သာသနာတော်နှစ် ၂၅၆၈ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၈၆ခုနှစ်၊ နတ်တော်လဆန်း(၁၀)ရက်၊ ၁၀-၁၂-၂၀၂၄ အင်္ဂါနေ့၊ ကျောက်တောင်ဂူတောရဘုန်းကြီး ကျောင်းတွင်ပြုလုပ် သော(၂၅) ကြိမ် မြောက်အသံမစဲ အဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကိုသံဃာတော်များမှအလှည့်ကျဖြင့် ၁၀-၁၂-၂၀၂၄ ရက်နေ့မှ ၁၅-၁၂-၂၀၂၄ ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမှာဖြစ်ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)