မော်လမြိုင် ဒီဇင်ဘာ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပညာဖူးပွင့်ကိုယ်ပိုင်အထက်တန်းကျောင်း ဖူးပွင့်ရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မော်လမြိုင်မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူးဦးဆန်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့်ပြည့်စုံရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်စေရန် ပြင်ပစာအုပ်၊ စာပေတို့ကိုလေ့လာခြင်းဖြင့် နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာဦးကိုကိုလေး(မော်လမြိုင်)မှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်၍ဟောပြောပြီး စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်ကဆောင်ရွက်ပြီး Grade-10 နှင့် Grade-11 ကျောင်းသားကျောင်းသူခြောက်ဦးတို့က လူငယ်နှင့်လူမှုမီဒီယာ၊ လူငယ်နှင့်စာအုပ်စာပေ၊ လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်ကျန်းမာကြံခိုင်ရေးစသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့်မျှဝေဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူက ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူတို့က ဖြေကြားပေးခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမ လက်ထောက်ညွှန်ကြားရေးမှူးက စကားဝိုင်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။
ယင်းနောက် ကျောင်းတည်ထောင်သူဆရာကြီးဦးမြင့်ဇော်ဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)