စစ်တွေ ဒီဇင်ဘာ ၁၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေး (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲအား ကြည့်ရှုအားပေးကြသည်။
ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့အတွက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးအတွက် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ သင်္ဘောများဖြင့် သယ်ဆောင်ပေးလျက်ရှိကြောင်း၊ ကုန်ပစ္စည်းများကိုလည်း စနစ်တကျရောင်းချနိုင်ရေးနှင့် ကုန်ပစ္စည်းများကို ထိန်းသိမ်းကြီးကြပ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်း ရှင်းလင်းတင်ပြပေးကြရန်နှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း စဉ်ဆက်မပြတ်ကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင်စားအုန်းဆီ လိုအပ်ချက်များကို နိုင်ငံတော်မှသတ်မှတ်ထားရှိသည့် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက် ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကို တိုးချဲ့ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဒေသတွင်းတစ်နိုင်တစ်ပိုင်း စိုက်ပျိုးမွေးမြူသူ၏ လိုအပ်ချက်များအား ကူညီပံ့ပိုးပေးမည်ဆိုပါက အချိန်တိုအတွင်း အထိုက်အလျောက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဌာနများအနေဖြင့် မိမိဌာန၏ရည်မှန်းချက်၊ ရည်ရွယ်ချက်အရ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို စေတနာထားဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် စားသုံးသူ၏လိုအပ်ချက်နှင့် ဖူလုံနိုင်မှုပမာဏတို့ကို အမြဲလေ့လာတွက်ချက်ပြီး ကြိုတင်စီစဉ်ဆောင်ရွက်သင့်သည်များကို ကြိုတင်ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့များသို့ သင်္ဘောများဖြင့် စားသောက်ကုန်ပစ္စည်းများနှင့် စက်သုံးဆီများရောက်ရှိခဲ့မှု၊ ဆက်လက်ရောက်ရှိမည့်အခြေအနေများနှင့် ကုန်စည်များရောက်ရှိလာမှုအား လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်း စစ်ဆေးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်နယ်အကောက်အခွန်ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးတို့က ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်နေမှုနှင့် တရားမဝင်ကုန်သွယ်မှုများမရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများက ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးအတွက် အကြံပြုဆွေးနွေး တင်ပြကြသည်။
အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသော နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၌ အလယ်တန်းအဆင့်တွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွန်ုပ်တို့တာဝန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်တိုးတက်ဖို့ ဒို့လူငယ်များပါဝင်စို့ ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူ ၉၁ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)