ဥတ္တရသီရိ ဒီဇင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ ပြပွဲများ ကျင်းပပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ရောက်ရှိမည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အား ကျောင်းသားလူငယ်များ၏ အသိစိတ်ထဲတွင် အမြဲထာဝရကိန်းအောင်းရှင်သန်နေစေရန်၊ လွတ်လပ်ရေးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များအကြောင်းနှင့် မိမိတို့၏စိတ်ခံစားမှု၊ စိတ်အတွေးအမြင်များဖြင့် မိမိတို့စိတ်ကြိုက် ပုံဖော်ဖန်တီးရေသားနိုင်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ ကဏ္ဍပေါင်းစုံ၌ထူးချွန်ထက်မြက်သည့် လူရည်ချွန်များဖြစ်လာကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများနှင့် ပြပွဲများကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။
ထို့နောက် စာရေးဆရာမချယ်ချယ်(YU)က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များ၊ ကျောင်းသုံးဗလာစာအုပ်နှင့် ဘောလ်ပင်များပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသော သုတရသစာအုပ် စာစောင်များနှင့် ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၏ အဆိုအမိန့်များ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများစသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပြန်/ဆက်)