မွန်ပြည်နယ် ရေးမြို့နယ်တွင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

ရေး ဒီဇင်ဘာ ၁၀

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရန်ကြီးအောင်ရပ်ကွက် ဘုရင့်နောင်လမ်းရှိ (ဘ)ဦးတင်လှ၏သမီး ဒေါ်သန်းသန်းမူ မွန်ဗမာ/ဗုဒ္ဓ အသက် (၇၅) နှစ်၊ နေအိမ်မှ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ(၃း၃၀) နာရီအချိန်ခန့်က မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ ရေးမြို့နယ်မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်(၂)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကြီးအောင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အောင်မေတ္တာရပ်ကွက်ပရဟိတအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ အဘော်ကျေးရွာ ပရဟိတအသင်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကြီးအောင်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့(၁၅)ဦး၊ အောင်မေတ္တာပရိတအသင်းမှ (၁၀)ဦး အဘော်ကျေးရွာပရိဟိတအသင်းမှ(၇)ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းဌေးအောင်နှင့် တပ်ဖွဲ့ဝင်များက မီးလောင်ကျွမ်းမှုဖြစ်ပွားသည့်နေရာသို့ ရောက်ရှိခဲ့ပြီး မီးငြှိမ်းသတ်ခဲ့ရာ ညနေ (၅)နာရီအချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အလျား(၅၀)ပေ အနံ(၄၀)ပေရှိ အုတ်ညှပ်အမျိုးအစား (၂)ထပ်တိုက် အိမ်တစ်လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

အဆိုပါမီးလောင်မှုသည် လျှပ်စစ်ရေနွေးအိုးနှင့် ရေနွေးကြိုချက်စဉ်  အပူချိန်လွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ပိုင်ရှင်ဒေါ်သန်းသန်းမူအာ ရေးမြို့မရဲစခန်းမှ ပုဒ်မ(၂၅၈)ဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မြို့နယ် ပြန်/ဆက်