တောင်ကြီးမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား စွမ်းရည်မြင့်မားရေး သင်တန်းဖွင့်လှစ်ပို့ချ

တောင်ကြီး ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ အရည်အသွေးမြင့်မားလာစေရန်နှင့် ပြည်သူကိုဝန်ဆောင်မှုပေးရာတွင် ဥပဒေ/ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် စွမ်းရည်မြင့်မားရေး သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့်  ဥပဒေနှင့်အညီ ပြည်သူများကိုဝန်ဆောင်မှုပေးရာတွင် အဂတိတရားကင်းရှင်းရေးနှင့် တိုင်းပြည်၏အုပ်ချုပ်ရေးကဏ္ဍတွင် ပေးအပ်သည့်တာဝန်ဝတ္တရားများကို ကျေပွန်အောင်ထမ်းဆောင် ကြရန်လိုပါကြောင်း၊ သင်တန်းတွင်ပိုချမည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုသေချာ လေ့လာမှတ်သား၍ လက်တွေ့နယ်ပယ်တွင် အကျိုးရှိထိရောက်စွာအသုံးချသွားရန်တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် အုပ်ချုပ်ရေး၏သဘောသဘာဝများကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးထိန်လင်းသိန်းက လူဦးရေ၊ အိမ်ထောင်စုအကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဒီဇင်ဘာ ၉ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့ထိ (၂)ရက် ဖွင့်လှစ်သင်ကြားပိုချသွားမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးဥပဒေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေ၊ မူးယစ်ဆေးဝါး ဥပဒေ၊ စစ်မှုထမ်း ဥပဒေ၊ အကြမ်းဖက်နှိမ်နင်းရေး ဥပဒေ၊ မြေယာ ဥပဒေ၊ ကလေးသူငယ်စောင့်ရှောက်ရေးဥပဒေများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် တောင်ကြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရ သည်။

စိုင်းသန်းကျော်(တောင်ကြီး)