မိုင်းခုတ် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများအသိဉာဏ်ပညာတိုးပွားရရှိစေရန် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီခွဲ အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်သီတာအေးက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့်အသိပညာပေးနံရံကပ်စာစောင်ပြပွဲကျင်းပရခြင်းနှင့် ပတ်သတ်၍ ပြည်သူအများအသိပညာဗဟုသုတတိုးပွားရရှိစေရန်၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်နှင့် အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် သုံးစွဲခြင်းဖြင့်ရရှိနိုင်သည့် ဆိုးကျိုးအန္တရာယ်အကြောင်းအရာများပါဝင်သည့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)