မုဒုံ ဒီဇင်ဘာ ၁၀
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က (ခွဲ)နိုင်လှုံကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆန်းမြင့်မေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား/သူများ အသိပညာဗဟုသုတများတိုးပွားလာစေ၍ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားစေရန်၊ ပြင်ပစာပေများကို ဖတ်ရှုလေ့လာနိုင်စေရန်အတွက် လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ Grade 11/10 မှ ကျောင်းသား/သူများက မြန်မာ့ယဥ်ကျေးမှုအမွေထိန်းသိမ်းစို့လေ၊ ကြိုတင်ပြင်ဆင်အောင်ပွဲဝင်၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်ပညာရေးခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက အမေးအဖြေများဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)