ဘီးလင်းမြို့ရုံး (Community Centre) ခန်းမ၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ဘီးလင်း ဒီဇင်ဘာ ၁၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူး‌ပေါင်း၍  ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ   ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်စေရေး၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေမည့် ပြင်ပ စာပေများကိုပါ လေ့လာဖတ်ရှုကြရေး၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးတို့ကို ဟော‌ပြောဆွေးနွေးခဲ့ပြီး မြို့နယ်စားသုံးရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းက စားသောက်ကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားပါရှိမှု ရှိ၊ မရှိနှင့် ကုန်ညွှန်းအမှတ်အသားမပါရှိပါက စားသုံးရန်မသင့်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခြင်း၊ မူးယစ်‌ဆေးဝါးအန္တရာယ်သတိပြုကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး၊ ကွမ်းစားသုံးခြင်းနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုများ ကျဆင်းပပျောက်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)