ပြင်ဦးလွင် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာ ကိုရွှေအောင်သင်း ရေးသားသည့် “မျှော်ရစ်လမ်းကလေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က ဒိုးကွင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။
ရှေးဦးစွာ ဒိုးကွင် (အ.ထ.က-ခွဲ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆာရီသားက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အထများ၊ အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ ကိုရွှေအောင်သင်း ရေးသားသည့် “မျှော်ရစ်လမ်းကလေး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ဒိုးကွင် (အ.ထ.က-ခွဲ) Grade-12 မှ ကျောင်းသား ကျောင်းသူများဖြစ်ကြသည့် မောင်ဝေယံကျော်၊ မသန္တာချိုနှင့် မယွန်းမီမီနိုင်တို့က စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြရာ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စာရေးဆရာ ကိုရွှေအောင်သင်းနှင့် ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်ဒုဥက္ကဋ္ဌ ဒေါ်အေဇင်မေတို့က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့၏အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ဝိုင်းတွင် ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား စာရေးဆရာ ကိုရွှေအောင်သင်းက ကိုယ်တိုင်ရေးသားခဲ့သည့် စာအုပ်များကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သွေးသွေး(ခရိုင်ပြန်/ဆက်)