မြစ်သား ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်(၉၄)ကြိမ်မြောက် ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်းမှ အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်း(၃)ဦးအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြစ်သားမြို့နယ်ပညာရေးမှူး ရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်းမှ အသင်းဝင်(၁၂၁၄)ဦးတို့မှ သက်ပြည့်ပင်စင်ရရှိသည့် မြစ်သာမြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမကြီး ဒေါ်အေးအေးခိုင်နှင့် ကဆွန်အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးမောင်မောင်တိုအား တစ်ဦးလျှင်ထောက်ပံ့ငွေကျပ် ၁၇၉၅၀၀၀ိ/- ဖြစ်ပြီး သက်ပြည့် ပင်စင်ရရှိသောအငြိမ်းစား ဝန်ထမ်းစုစုပေါင်း(၂)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၃၅၉၀၀၀၀ိ/-ကျပ်နှင့် ကူမဲမြို့အခြေခံပညာအထက် တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်အေးအေးသိန်းအတွက် ဆေးပင်စင်ထောက်ပံ့ငွေကျပ် ၁၁၆၈၀၀၀/-ရရှိပြီး အငြိမ်းစားဝန်ထမ်း(၃)တို့အတွက်စုစုပေါင်းကျပ် ၄၇၅၈၀၀၀/- အားတာဝန်ရှိသူများကထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်းကို(၂၀၁၇)ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ပြီးယနေ့အထိ အငြိမ်းစားဆရာ၊ ဆရာမကြီးများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပညာရေးမိသားစုပင်စင်/နာရေးထောက်ပံ့မှုအသင်းမှ အသင်းဝင်ငါးဆူ ကျောင်းအုပ်ဆရာကြီး ဦးဇော်သိန်းထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)