မောက်မယ်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆွေးနွေးပွဲ ကျင်းပ

မောက်မယ် ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက အဖွင့်အမှာစကားပြောကြားရာ၌ ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရန် စာအုပ်များဖတ်ရှုခြင်းနှင့်လာရောက်ဆော့ကစားခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ လူငယ်ဆိုင်ရာစွမ်းရည်ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများထက်မြက်စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူကလေးငယ်များဖိတ်ခေါ်၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပြိုင်ပွဲများကျင်းပနိုင်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က ရပ်ကွက်များအတွင်းရှိကျောင်းများနှင့် လက်လမ်းမှီသည့်ကျေးရွာကျောင်းများတို့၏ ကျောင်းအုပ်ကြီးများဖိတ်ကြားထားကြောင်း၊ ပြိုင်ပွဲဝင်အမျိုးအစားများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ဆွေးနွေးတင်ပြကာ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများတို့က ပြိုင်ပွဲလုပ်ငန်းအစီအမံများတင်ပြခဲ့ရာ  ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)