ရပ်စောက် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့များပူးပေါင်း၍ မြို့မဈေးအတွင်းရှိဈေးဆိုင်ခန်းများ၌ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးလောင်၊ မီးလန့်မှုများမဖြစ်ပေါ်စေရေးတို့အတွက် လျှပ်စစ်မီးလိုင်းများ၊ မီးသတ်ရေငုတ်များစစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ရှိသူများသည် မြို့မဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် သွယ်တန်းလျှပ်စစ်ကြိုးများ အရည်အသွေးကောင်းမွန်မှုရှိမရှိ၊ လျှပ်စစ်မီးအဝင်အထွက်ထားသိုမှုများနှင့် မီးသတ်ရေငုတ်များအား စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဇင်လတ်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဈေးသူဈေးသားများအား ဈေးရုံး၊ ဈေးဆိုင်ခန်းများအတွင်းမီးဘေး အန္တရာယ်မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများ၊ မီးဘေးအန္တရာယ်အရေးပေါ် ဖြစ်ပွားလာပါကအလျင်အမြန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးအသုံးပြုနည်းများ၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်မှု၊ မီးသတ်ယာဉ်များနှင့်စက်များဖြင့် စုပေါင်းမီးငြိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးငြိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးသူ၊ ဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်