မဟာအောင်မြေ ဒီဇင်ဘာ ၁၀
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MRGMA) တို့ပူးပေါင်းဖွင့်လှစ်သည့် “အခြေခံကိုယ်တိုင်းနည်း၊ Patternဆွဲနည်း” သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွှဲပိုင်းက မဟာအောင်မြေမြို့နယ် မန်းမြို့စျေးတိုက်တန်းအပေါ်ထပ်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်သည့် လူသားအရင်းအမြစ် ကြွယ်ဝမှုပေါ်တွင် မူတည်ကြောင်း၊ စီးပွားရေးကိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် ကုန်ထုတ်လုပ်မှုတိုးတက်အောင်လုပ်ဆောင်နိုင်သည့် လူသားအရင်းအမြစ်များ ပေါများလာပါက နိုင်ငံ့စီးပွားရေးသည် တိုးတက်လာမည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်ပြီး စွမ်းဆောင်ရည် ပြည့်ဝသည့် ကျွမ်းကျင်မှုလုပ်သားများ စဉ်ဆက်မပြတ်ပေါထွန်းလာစေရေး၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးသည် အလုပ်သမားထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒချမှတ်ဆောင်ရွက်နိုင်ရေးနှင့် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားလုပ်ငန်း (MSME) များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သား လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ကျွမ်းကျင်သင်တန်းများဖွင့်လှစ်ရန် ညှိနှိုင်းမှုပြုလုပ်လျက်ရှိကြောင်း၊ လုပ်သားလိုအပ်ချက်ရှိသော ဂဟေဆက်သင်တန်းနှင့် ပတ်သက်သည့် Programme ကို အသုံးပြုသည့် ဂဟေဆက်သင်တန်း၊ TID၊ MIG Welding သင်တန်း Solar Energy တပ်ဆင်မည့် နည်းပညာသင်တန်းနှင့် CNC သင်တန်းများ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း စသည်များ ပြောကြားသည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ ဒေါ်ဥမ္မာ (သင်တန်းနည်းပြဆရာမ) မှလည်း သင်တန်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့သည်။
“အခြေခံကိုယ်တိုင်းနည်း၊ Pattern ဆွဲနည်း” သင်တန်းဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မန္တလေးတိုင်းဒေသကြီးအထည်ချုပ် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အရာရှိများ၊ သင်တန်းတွင် သင်ကြားပို့ချမည့် နည်းပြဆရာများနှင့် သင်တန်းသူများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား (၉.၁၂.၂၀၂၄) ရက်နေ့မှ (၂၀.၁၂.၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း