ပြည်ကြီးတံခွန်မြို့နယ် အ-လ-က(၂၆)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ကြီးတံခွန် ဒီဇင်ဘာ ၁၀

ကျောင်းသားလူငယ်များစာပေဖတ်ရှုလေ့လာမှုအား ကောင်းလာစေရန်နှင့် မိမိတို့အတွေးအမြင် ဗဟုသုတများကို အချင်းချင်း မျှဝေ‌ဆွေးနွေးဖလှယ်တတ်စေရန် ရည်ရွယ်၍ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.လ.က (၂၆) ကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ပြည်ကြီးတံခွန်မြို့နယ်ရှိ အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ-လ-က(၂၆) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာအောင်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်၊ Grade-9 ကျောင်းသူ မသီတာဆွေက လူငယ်နှင့်စာပေ၊ Grade-8 ကျောင်းသူ မမြတ်သီရိပိုင်က လူငယ်နှင့် Social Media၊ Grade-9 ကျောင်းသား မောင်လှိုင်းဇော်ဇော်က လူငယ်နဲ့ မူးယစ်ဆေးဝါး အစရှိသည့် ခေါင်းစဉ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားသည်။     

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်စောလွင် (ပြန်/ဆက်)