မိတ္ထီလာ ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်း၊ မြို့နယ်ဦးစီး မှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် လိန်တောကျေးရွာအုပ်စု၊ လိန်တောကျေးရွာရှိ မြစိမ်းရောင်ချေးငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများ၊ နတ်ကြီးကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ၅၀ ရာခိုင် နှုန်းမှ (၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ်(၂)သန်း၊ စုစုပေါင်း ကျပ် (၁၇)သန်းဖြင့် အရှည်ပေ ၅၄၀၊ အကျယ် ၁၂ ပေ၊ ထု ၆လက်မရှိ ကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် အရှည်ပေ ၆၆၀၊ အကျယ် ၁၂ ပေ၊ ထု ၆လက်မရှိ ရွာသစ် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆက်လက်၍ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံ၍ စီမံကိန်းအောင်မြင်စွာ လည်ပတ်နိုင်ရန်အတွက် ကော်မတီနှင့် ကျေးရွာသူ/သားများ စည်းလုံးညီညွတ်မှုရှိကြရန်၊ ရရှိပြီးသော စီမံကိန်းလုပ်ငန်းများကို တန်ဖိုးထားရန်နှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)