ပြင်ဦးလွင်မြို့ အောင်ချမ်းသာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု စာဖတ်ဝိုင်း ကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာအောင်၀င်း (စိတ်ပညာ)ရေးသားသည့် “သင့်အတွင်းစိတ်၏ အလွန်ကြီးမား သောတန်ခိုးသုံးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အောင်ချမ်းသာ အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်၌ ကျင်းပသည်။

ရှေးဦးစွာ အောင်ချမ်းသာ အခြေခံပညာအထက်တန်းကျောင်းမှ တာ၀န်ခံ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့် အလေ့အထများ၊ အလေ့အကျင့်‌ကောင်းများ ရရှိစေရန်နှင့် နှလုံးသားလှပသောလူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ “သင့်အတွင်းစိတ်၏ အလွန်ကြီးမားသော တန်ခိုးသုံးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ အ.ထ.က(အောင်ချမ်းသာ) Grade-11 မှ မောင်ဟိန်းသူရအောင် ၊ Grade- 9 မှ မခင်စုမွန်ဖြိုး ၊ Grade-9 မှ မောင်ခန့်လင်းဖြိုးနှင့် Grade-11မှ မသူသူလွင်တို့က ဖတ်ရှုထားသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြရာ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် စာရေးဆရာ ကိုရွှေအောင်သင်းနှင့် ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်ဒုဥက္ကဋ္ဌ ဒေါ်အေဇင်မေတို့က ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများကလည်း မိမိတို့၏ အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြ​သည်။

ထို့နောက် စာဖတ်ဝိုင်းတွင် ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများအား စာရေးဆရာ ကိုရွှေအောင်သင်းက အမှတ်တရလက်ဆောင်စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး(ပြန်/ဆက်)