မြဝတီ ဒီဇင်ဘာ ၁၀
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ ပြည်သူတို့၏အသက် အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဒီဇင်ဘာ ၉ ရက်နေ့ညပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် အမှတ် (၅)ရပ်ကွက်အတွင်း၌ လှည့်လည်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့နှိုးဆော်ခြင်းများဆောင်ရွက်ပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်ဟိန်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ယခုအခါပွင့်လင်းရာသီကာလရောက်ရှိပြီးဖြစ်၍ မီးဘေး အန္တရာယ် ကြိုတင်သတိပြုကြစေလိုကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် အိမ်တိုင်းတွင် မီးသတ်ဆေးဘူး၊ ရေပုံး၊ သဲအိတ်၊မီးချိတ်၊မီးကပ်များအဆင့်သင့်ထားရှိရန်လိုကြောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင်လျှပ်စစ်ဝါယာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားနိုင်သောကြောင့်စစ်ဆေးမှုများ ပြုလုပ်ထားသင့်ကြောင်း၊ ရပ်ကွက်အတွင်း မီးလောင်လွယ်စေသော လောင်စာဆီများ သိုလှောင်ခြင်းမပြုကြစေလိုကြောင်း၊ ထင်း/မီးသွေးများသုံးစွဲရာတွင်မီးကြွင်းမီးကျန် များမကျန်ရှိစေရန်နှင့် အဆိုပါ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးကူးစက်၍ မီးလောင်မှုများ ဖြစ်ပွားနိုင်သောကြောင့်ပြည်သူတစ်ဦး/တစ်ယောက်ချင်းမှစ၍ သတိပြုကြစေလိုကြောင်းနှင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ် ပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို အသိပေးနှိုးဆော်သည်။
အလားတူ ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များတွင်လည်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)