မဟာအောင်မြေ ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ဆယ်ကျော်သက်များမျိုးဆက်ပွားကျန်းမာရေးနှင့် ဆက်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးဆက်များကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မဟာအောင်မြေခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန်းက ကိုယ်ဝန်မိခင်များနှင့်ပတ်သက်၍ ပေါ့ပေါ့ဆဆမနေထိုင်သင့်ကြောင်း၊ မိမိကိုယ်ကိုယ်စောင့်ရှောက်သင့်ကြောင်း၊သားဖွားခန်းတွေကို အချိန်မှီဆက်သွယ်စေလိုကြောင်း၊ မိမိရင်သွေးငယ်တွေကို ကောင်းစွာစောင့်ရှောက်ဖို့ လိုအပ်ကြောင်း၊ မွေးဖွားလာမည့် ကလေးငယ် များအား ကျန်းမာစွာရှင်သန်နိုင်စေရန် တစ်ကိုယ်ရေသန့်ရှင်းရေးကို ကောင်းစွာထိန်းသိမ်းစေလို ကြောင်း၊ ကလေးကိုမကိုင်တွယ်မှီ လက်သန့်ရှင်းရေးလုပ်ဆောင်ပြီးမှကိုင်တွယ်စေလိုကြောင်း၊ ကိုယ်ဝန်ဆောင်စဉ် အဟာရမချို့တဲ့စေရန် မှန်ကန်စွာစားသောက်သင့်ကြောင်းစသည်များကို ပြောကြားခဲ့သည်။
ဆက်လက်၍ မဟာအောင်မြေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သားဖွားဆရာမ ဒေါ်ညိုညိုမြင့်က ကိုယ်ဝန်မဆောင်သင့်သည့်အချိန်ကိုယ်ဝန်ဆောင်လျှင် အဟာချို့တဲ့ပြီး ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့်အသက်( ၁၈) နှစ်မှ( ၃၅)နှစ်အတွင်း ကိုယ်ဝန်ဆောင်သင့်ကြောင်း၊ သားဆက်ခြားဆောင်သင့်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါမှကာကွယ်နိုင်စေရန် သန့်ရှင်းသောအစားအသောက်များကို သန့်ရှင်းအောင်လုပ်ပြီးမှ စားသောက်သင့်ကြောင့်၊ ကိုယ်ဝန်မဆောင်ခင်၊ ကိုယ်ဝန်ဆောင်နေစဉ်၊ မီးဖွားပြီးနောက် ကျန်းမာရေးကိုအထူးဂရုစိုက်သင့်ကြောင်း စသည်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန်းနှင့် တာဝန်ရှိသူများက တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်များကို ဖြည့်စွက်အဟာရများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း