ကျိုက်ထိုမြို့အ.လ.က (ကော့ဘိန်း) ၌ စာဖတ်ရှိန်မြှင့်တင်‌ရေး  လူငယ်စကားဝိုင်းပြုလုပ်

ကျိုက်ထို ဒီဇင်ဘာ ၁၀       

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ်  လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျိုက်ထိုမြို့ အခြေခံပညာအလယ်တန်းကျောင်း အ.လ.က(ကော့ဘိန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.လ.က(ကော့ဘိန်း)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန္တာနှင့်စာပေချစ်သူများအသင်း(Book Club)အဖွဲ့မှ အဖွဲ့ဝင် ဦးလှထွန်းတို့က အမှာစကားပြောကြားကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးယုဝေက လူငယ်စကားဝိုင်း ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့်ပြည့်စုံရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်စေရန် ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့်  နိုင်ငံ့သားကောင်းလူငယ်များ ဖြစ်လာရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အ.လ.က (ကော့ဘိန်း)မှ Grade (9)ကျောင်းသူ မကေသွယ်ဝင်း၊ မသက်မှူးခင်၊ Grade (8)ကျောင်းသူ မနန်းဆုပိုပို‌အောင်၊‌ Grade(7)ကျောင်းသား မောင်ရန်နိုင်စိုးတို့က"လူငယ်နှင့်အချိန်၏တန်ဖိုး"၊ "နောင်တရမှာမကြောက်ပါနဲ့"၊ "မှန်မှန်ကန်ကန်ဆုံးဖြတ်တတ်ပါစေ" ၊ "စာဖတ်ခြင်းအတတ်ပညာ" စသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် ‌မျှဝေဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး စာပေချစ်သူများအသင်းအဖွဲ့ဝင် ဒေါ်တင်ထားအေးက နိဂုံးချုပ်အမှာစကား ပြော‌ကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)