ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနတွင်၊ ရနံ့သိုက်ရေးသားသည့် “ယုံကြည်မှုဖြင့် အောင်မြင်ခြင်း” စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဖတ်ရှုလေ့လာရာတွင် ရရှိမည့်အကျိုးကျေးဇူးများ၊ ဗလငါးတန်ပြည့်စုံရေး သုတ၊ရသစာအုပ်စာစောင်းများကို ဖတ်ရှုစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး ဒေါ်ခင်ချို (သီတဂူ-ကျောက်ဆည်)က ရနံ့သိုက်ရေးသားသည့် “ယုံကြည်မှုဖြင့်အောင်မြင်ခြင်း” စာအုပ်မှ စာဖတ်ခြင်းဖြင့်ဘဝကိုမြှင့်တင်ပါ၊ သင့်ပန်းတိုင်ကိုသင်ရွေးချယ်ပါ၊ အခက်အခဲမှအောင်မြင်မှုသို့၊ အောင်မြင်ချင် လျှင်လေ့ကျင့်ရမည်၊ ယုံကြည်မှုဖြင့်အာင်မြင်ခြင်း၊ ဒီနေ့အလုပ်ဒီနေ့လုပ်ပါစသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ပြီး ကျောင်းသူကျောင်းသားများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသစာအုပ်စာစောင်များနှင့် အရွယ်မရောက်သေးသော ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး၊ ကလးအလုပ်သမား ပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)