ပင်းတယ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသခန်းမ၌ ယနေ့နံနက် ၉ နာရီက သတ္တမအကြိမ်ဓနုအမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်ဇနီး၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်မိသားစုများ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ ပင်းတယနှင့် ရွာငံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက သတ္တမအကြိမ် ဓနုအမျိုးသားနေ့အထိမ်းအမှတ် MSMEs ပြပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး MSMEs ပြခန်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ယင်းနောက် မိုင်းလီကျေးရွာအုပ်စု တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့က တေးသီချင်းဖြင့် ကြိုဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များသည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြသည့် ဒေသတစ်ခုဖြစ်သည့်အတွက် ဓနုဒေသအတွင်း ထွက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေ ရန်ရည်ရွယ်ပြီး အခုလို MSMEs ပြပွဲများကို ဓနုအမျိုးသားနေ့ အခမ်းအနား၌ ထည့်သွင်းကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဓနုတိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဓနုအမျိုးသားနေ့ကို ဖူးတံငုံစချယ်ရီရနံ့များနှင့် အရပ်ရှစ်မျက်နှာတစ်ခွင်သို့ လွင့်ပျံနေမည့် ဓနုတို့ရဲ့ အိုးစည်၊ ဗုံ၊ မောင်း၊ လင်းကွင်း၊ ဝါက်လက်ခုပ်သံများ သာယာနာပျော်ဖွယ်တီးခတ်ကာ ကမ္ဘာတည်သ၍ မြန်မာပြည်ရှိရမည်၊ မြန်မာပြည်ရှိသ၍ ဓနုတိုင်းရင်းသားများ စည်းလုံးညီညွတ် သောအင်အားဖြင့် ခိုင်မာသော တိုင်းရင်းသားအုတ်မြစ်ကို ထူထောင်နိုင်စေရန်” ဆုမွန်ကောင်းတောင်း ပြောကြားသည်။
ထို့နောက် ဓနုတိုင်းရင်းသား အဖွဲ့ချုပ်ကိုယ်စားလှယ်တစ်ဦးက ဓနုအမျိုးသားနေ့ အခမ်းအနားနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းရင်းသားရိုးရာ အကအဖွဲ့များက တေးသီချင်း အကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက တိုင်းရင်းသားရိုးရာ အကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် အဆိုပါအခမ်းအနားသို့ စုစုပေါင်းလူဦးရေ (၈၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)