ကျောက်ပန်းတောင်းမြို့ စိန်ရတနာ စာသင်တိုက်ကြီး၏ စတုတ္ထအကြိမ်မြောက်  သာသနဝေပုလ္လစာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ စိန်ရတနာစာသင်တိုက်ကြီး၏ စတုတ္ထအကြိမ်မြောက် သာသနဝေပုလ္လ စာမေးပွဲ၊ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းရှိ ယာယီမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်အရှင်သူမြတ်များနှင့်ဧည့်ပရိတ်သပ်များက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး၊ အလှူရှင် ဧည့်ပရိတ်သပ်များက ကျောက်ပန်းတောင်းမြို့ မြတ်ရွှေဂူစာသင်တိုက်ကြီး၏ နာယက၊ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္တဓမ္မာဝုဓထံမှ ရှစ်ပါးသီခ ခံယူဆောက် တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈယ်သည့် ပရိပ်တရားတော်များကို နာယူကြသည်။ ဆက်လက်၍ ဘဒ္ဒန္တဓမ္မာဝုဓထံမှ ဩဝါဒခံယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှအတန်းပေးဝေကြသည်။  ယင်းနောက် စတုတ္ထအကြိမ်မြောက် ကျင်းပသည့် သာသနဝေပုလ္လ စာမေးပွဲကြီးတွင် ထူးချွန်စွာအောင်မြင်တော်မူခဲ့ကြသည့် ပထမကြီးတန်းအောင်(၂)ပါး၊ ပထမလတ်တန်းအောင် (၄)ပါး၊ ပထမငယ်တန်းအောင် (၅)ပါး၊ အခြေပြု မူလတန်းအောင် (၁၁)ပါး၊ တတိယအဆင့်အောင် (၃)ပါး၊ ဒုတိယအဆင့် အောင် (၁၅)ပါး၊ ပထမအဆင့်အောင် (၁၂)ပါး စုစုပေါင်း (၅၂) ပါးတို့အားအလှူရှင်များနှင့် တာဝန်ရှိသူများက စာအောင်ဆုလက်မှတ်များနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)