၂၀၂၄-၂၀၂၅ ခုနှစ် ရေကြီးနစ်မြုပ်ထိခိုက်စပါးခင်းများ အထွက်နှုန်းမကျဆင်းရေး ပြန်လည်ကုစားပေးခဲ့သော အထွက်နှုန်းမှတ်တမ်းတင် ဆင်းသုခစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

မြစ်သား  ဒီဇင်ဘာ    ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သီလင်ကျေးရွာအုပ်စု၊ ခန္တီးလေးကျေးရွာကွင်းအမှတ်(၄၅၅)၊ ဦးပိုင်အမှတ်(၄၆) ရှိ တောင်သူ ဦးအောင်ကျော်စိုးစံ၏ ဆင်းသုခစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆင်းသုခစပါးစံကွက်ရိတ်သိမ်းပွဲတွင် မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ရေကြီးနစ်မြုပ်ထိခိုက်စပါးခင်းများ အထွက်နှုန်းမကျဆင်းစေရေး ပြန်လည်ကုစားပေးခဲ့ သော ဆင်းသုခစပါး စံကွက်ရိတ်သိမ်းလုပ်ငန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များဖြစ်သည့် စိုက်ပျိုးသည့် တောင်သူမှ စပါးစိုက်ခင်း၏ (၁)ဧက အထွက်နှုန်းကို ချက်ချင်းသိရှိနိုင်မှာဖြစ်ကြောင်း စပါး(၁)ဧက မိတ်ဖက်များဖြစ်သည့် (၁) ဧက ဝင်ဆံ့သည့် ကောက်ကွက်အရေအတွက်၊အနှံပါပင်ပွားအရေအတွက်၊ တစ်နှံပါအောင်စေ့အရေအတွက်တို့ကို သိရှိခြင်းဖြင့် နောင်စပါးစိုက်ရာသီများတွင် အားနည်းချက်၊ အားသာချက်များကိုသိရှိကာ ပြုပြင်ပြောင်းလဲစိုက်ပျိုး ထုတ်လုပ်သွားနိုင်မည်ဖြစ်ကြောင်း၊ (၁)ဧကဝင်ဆံ့သည့်  ကောက်ကွက်ပြည့်မှီရေးအတွက် စပါးအတန်းကို စနစ်တကျစိုက်ပျိုးရမည်ဖြစ်ကြောင်း၊ အနှံပါပင်ပွားအရေအတွက်လျော့နည်းနေလျှင် သဘာဝဓာတ်မြေသြဇာ တွဲဖက်သုံးစွဲရမည်ဖြစ်ကြောင်း၊ တစ်နှံပါအောင်စေ့အထွက်လျော့နည်းလျှင် ပိုတက်ဓာတ်မြေသြဇာ တွဲဖက်သုံးစွဲရမည်ဖြစ်ကြောင်း၊ စပါး (၁)ဧက ပန်းတိုင်အထွက်နှုန်း တင်း(၁၀၀)ကျော်ထွက်ရှိရေးအတွက် တောင်သူများ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို လေ့လာသိရှိနိုင်ရန် ဆင်းသုခစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ထိုသို့စံကွက်ရိတ်သိမ်းရာတွင် အစိုထွက်တင်း (၁)ဧကတွင် (၁၂၅)တင်း နှုန်းထွက်ရှိကြောင်း သိရသည်။

ဆင်းသုခစပါးစံကွက်ရိတ်သိမ်းပွဲသို့ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဆွေဦး၊ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်နှင့်ဝန်ထမ်းများ၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံတောင်သူများ စုစုပေါင်း (၁၂၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)