လယ်ဝေး ဒီဇင်ဘာ ၈
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ သမိုင်းဝင်ဖောင်တော်ချက်မဘုရားကြီးရင်ပြင်တော်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လာရောက်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့်အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများက ဖောင်တော်ချက်မဘုရားကြီး ရင်ပြင်တော်ပေါ်ရှိ အမှိုက်များသန့်ရှင်းရေးပြုလုပ်ခြင်း၊ ဘုရားဝန်းအတွင်းရှိ မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်များ သတ်မှတ်နေရာများသို့ စွန့်ပစ်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းအတွင်းမှ အမှိုက်များဖယ်ရှားခြင်း၊ တန်ဆောင်းများအတွင်း သန့်ရှင်းစေရန် တံမြက်စည်းလှည်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် အမျိုးသားအားကစားပွဲတော်၊ မသန်စွမ်းအားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနဘောလုံးပွဲစဥ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဘောလုံးပွဲစဉ်များ ကျင်းပနေသည့် လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)တွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝေကြည်(ပြန်/ဆက်)