တောင်ကြီး ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre ) တောင်ကြီး၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုသည် လုပ်ငန်းခွင်များတွင်လည်းကောင်း၊ Online များတွင်လည်းကောင်း၊ မတူညီသောဝန်းကျင်နေရာဒေသအလိုက်တိုးပွားလျက်ရှိပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုတစ်ခုအနေဖြင့် အမျိုးသမီး ၃၈ ရာခိုင်နှုန်းသည် Online အကြမ်းဖက်မှုများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်ဟုဖော်ပြခဲ့ပါကြောင်း၊ နည်းပညာကဏ္ဍ၌ အလုပ်လုပ်နေသည့် အမျိုးသမီး ၄၄ ရာခိုင်နှုန်းသည် လုပ်ငန်းခွင်တွင် နှောက်ယှက်မှုပုံစံအမျိုးမျိုးကို တွေ့ကြုံခဲ့ရပြီး ၎င်းတို့အနက် အမျိုးသမီး ၄၁ ရာခိုင်နှုန်းသည် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုကို တွေ့ကြုံခံစားခဲ့ရသည်ဟု ဖော်ပြခဲ့ပါကြောင်း မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း UNCEDAW တွင်ပါဝင် လက်မှတ်ရေးထိုးထားပါကြောင်း CEDAW (စီဒေါ) အဖွဲ့ဝင်နိုင်ငံတိုင်းသည် အမျိုးသမီးများအပေါ်ခွဲခြားဖိနှိပ်မှု၊ အကြမ်းဖက်မှုများမှကာကွယ်ရန်ဥပဒေများ ရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ခေတ်မှီဖွံ့ဖြိုးတက်လာသော နည်းပညာများနှင့်အတူ Social Media များမှတဆင့် အမျိုးသမီးများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လူကုန်ကူးခံရခြင်းများအား နည်းမျိုးစုံဖြင့်ကြိုတင်ကာကွယ်ခြင်း၊ ထိရောက်စွာ အရေးယူခြင်းနှင့် အမျိုးသမီးများကို အသိပညာ ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ အကြမ်းဖက်ခံရသော အမျိုးသမီးများကိုလည်း ဥပဒေအရ ကျန်းမာရေးအရကာကွယ်စောင့်ရှောက်မှုများပေးရန် ဆက်စပ်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားလိုပါ ကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ညိုမီစောက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် Awareness Video Clip ပြသခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)