တောင်ကြီး ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ငှက်ပျောဖက်ဖြင့်ပြုလုပ်သော ရှမ်းရိုးရာပန်းကလပ် အလှပြင်ဆင်ခြင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၃) ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ဝင် သင်တန်းနည်းပြဆရာမ ဒေါ်နန်းခမ်းလွင်က မြန်မာနိုင်ငံမိခင်နှင့်ကလေးကြီးကြပ်ရေးအဖွဲ့ချုပ်မှ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင်ပေးရန်၊ အမျိုးသမီးများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည် များဖွံ့ဖြိုးတိုးတ်စေရန်နှင့် အမျိုးသမီးများ၏ဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်၊ ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စိတ်ဓာတ် မြှင့်တင်ရေးအတွက် အမျိုးသမီးများကို လေ့ကျင့်ပျိုးထောင်ပေးရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင်လိုက်နာရမည့်စည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ညိုမီစောက သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူနှစ်ဦးမှ လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ညိုမီစော၊ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်သင်တန်းသူ (၃၀)ဦး တက်ရောက်ကြပြီး ငှက်ပျောဖက်ဖြင့်ပြုလုပ်သော ရှမ်းရိုးရာပန်းကလပ်အလှပြင်ဆင်ခြင်း သင်တန်းကို ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ (၅)ရက်ကြာ လက်တွေ့သင်ကြားပိုချသွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)