နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် (သောကြာနေ့) မှ ဒီဇင်ဘာ ၈ ရက် (တနင်္ဂနွေနေ့)အထိ ခွင့်ပြုထားသော စာဖြေဌာနတို့၌ တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ရွာ‌ကောက်ရပ်ကွက်၊ အုန်းတောပရိယတ္တိစာသင်တိုက်နှင့် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ နန်းဦးကျောင်းတိုက်တို့တွင် ၂၀၂၄ ခုနှစ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ပထမအဆင့် အဘိမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူး)၊ ဝိသုဒ္ဓိမဂ်ဘာသာရပ်တို့အား ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စာမေပွဲကြီးကြပ် ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး ဩဝါဒခံယူကာ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါ ပျဉ်းမနားမြို့နယ် အုန်းတောပရိယတ္တိစာသင်တိုက် စာဖြေဌာနတွင် ပထမအဆင့် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ (ဂုဏ်ထူး)၊ ဝိသုဒ္ဓိမဂ်ဘာသာရပ်တို့အား သီလရှင်နှစ်ပါး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၅၃ ဦး၊ ဇမ္ဗူသီရိမြို့နယ် နန်းဦးကျောင်းတိုက် စာဖြေဌာနတွင် ပထမအဆင့် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ(ဂုဏ်ထူး)၊ ဝိသုဒ္ဓိမဂ်ဘာသာရပ်တို့အား သီလရှင်တစ်ပါး၊ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၅၀ ဦး ဖြေဆိုကြပြီး အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ကြီးကြပ်ရေးဆရာတော်များနှင့် မြို့နယ်သာသနာရေးမှူးရုံးတို့မှ တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)