သထုံ ဒီဇင်ဘာ ၇
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ဆောင်းသီးနှံပဲတီစိမ်း စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပြပွဲနှင့် ပဲမျိုးစုံအထွက်တိုးရေးအတွက် ရွက်ဖျန်းအဖြစ်အသုံးပြုနိုင်သည့် ယူရီးယားနှင့်လက်ချားထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်က သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ကွင်းအမှတ်(၅၈၅) ဦးပိုင်အမှတ်(၁၁/၁) တောင်သူ ဦးသန်းနိုင်ဦး၏ စံပြလယ်ယာမြေ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဆောင်းသီးနှံပဲတီစိမ်း ကွင်းသရုပ်ပြစိုက်ပျိုးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကြည့်ရှုအားပေးကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က သထုံမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးမှုအခြေအနေနှင့် တောင်သူများထံနည်းပညာဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဆောင်းသီးနှံစိုက်တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပဲအမျိုးမျိုးအပါအဝင် ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးကြရေး၊ တာဝန်ရှိသူတို့အနေဖြင့် တောင်သူတို့၏လိုအပ်ချက်များအပေါ် ကူညီဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းပေးကာ တောင်သူများထံ ယူရီးယားနှင့်လက်ချားတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
သထုံမြို့နယ်အတွင်း ဆောင်းသီးနှံပဲတီစိမ်းကို ယခုနှစ်ဆောင်းကာလ၌ ဧကပေါင်း ၂၀၀၀၀ ကျော်စိုက်ပျိုးရန်လျာထားဆောင်ရွက်နေပြီး ပဲတီစိမ်းအပြင် မြေပဲ၊ မတ်ပဲ စသည့် ပဲအမျိုးမျိုးနှင့် နေကြာ၊ ဖရဲ စသည့် ဆောင်းသီးနှံမျိုးစုံကို စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခရိုင်ပြန်/ဆက်