ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

ဟိုပုံး ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်  ဒေသခံ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ဒေသအ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက သင်တန်းတွင် ဘက်စုံသုံး၊ လက်ဆေး၊ ပန်းကန်ဆေး ဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ အဝတ်လျှော်အမွေးရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲအမျိုးမျိုး၊ ဖူဂျီဆပ်ပြာခရင်မ်၊ Body Scrub ထုတ်လုပ်မှုနည်းပညာများကို သင်တန်းနည်းပြ များက စာတွေ့/လက်တွေ့သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းကပို့ချလိုက်တဲ့ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာရပ်တွေကို မိမိတို့နှင့်နီးစပ်ရာ ဒေသခံပြည်သူများထံသို့ လက်ဆင့်ကမ်းသင်ကြားပေးသွားကြရန် ပြောကြားခဲ့သည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းထွက်ကုန်ချောပစ္စည်းများအသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ဒီဇင်ဘာလ (၃)ရက်နေ့မှ ဒီဇင်ဘာလ(၇)ရက်နေ့အထိ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)