ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြသ

ကျောက်ဆည် ဒီဇင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး သင်တောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် သင်တောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဌေးက ကျောင်းသား‌၊ ကျောင်းသူများ ပညာတတ်ကြီးများဖြစ်အောင် အသိပညာပေး ဟောပြောပွဲကျင်းပေးခြင်းဖြစ်ရာ လိမ္မာယဉ်ကျေးစွာဖြင့် နားထောင်ကြပြီး လေ့လာမှတ်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျန်းမာခြင်းသည် အဓိကဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်မှ ကျောင်းမှန်မှန်တက်နိုင်ပြီး ပညာတတ်ကြီးများဖြစ်အောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ရာသီဥတုအပြောင်းအလဲကြောင့် ဖျားနာမှုမရှိစေရန် နေထိုင်သွားကြရန်၊ တစ်ကိုယ်သန့်ရှင်းရေး၊ ကျန်းမာရေးအသိပညာပေးစာအုပ်များ ရှာဖွေဖတ်ရှုရမှာဖြစ်ကြောင်း၊ စာအုပ်ဖတ်ခြင်းမှ ရရှိလာသော အသိပညာများကို မိမိမိသားစု၊ မိမိသူငယ်ချင်းများကို မျှဝေသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အသိပညာပေးဟောပြောပွဲအပြီးတွင်  ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေး စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမား ပပျောက်ရေး၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနံ ရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)