မြစ်သားမြို့နယ် ကူမဲမြို့အ.ထ.ကကျောင်းတွင် ရဲတပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မြစ်သား ဒီဇင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့ အမှတ်(၁) ရပ်ကွက်အတွင်းရှိ ကူမဲအခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌  ယမန်နေ့ နံနက်ပိုင်းက မြစ်သားမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် ကူမဲမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်က မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာ​ပေးဆိုင်ရာ ဟောပြော၍လည်းကောင်း၊ ကူမဲနယ်မြေရဲစခန်းမှ ဒုတိယစခန်းမှူး ဒုရဲအုပ်အောင်ဇော်ဇော်က လူကုန်ကူးမှုအန္တရာယ်နှင့် သက်ငယ်မုဒိမ်းမှုအကြောင်းအရာများကို ဟောပြော၍လည်းကောင်း၊ မြစ်သားမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဇော်မင်းထွေးက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအကြောင်းနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းအရာများကို ဟောပြော၍လည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ လူငယ်နှင့်အကျင့်စာရိတ္တခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ အသိပညာပေးဟောပြောပွဲအပြီးတွင် မှုခင်းကျဆင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြစ်သားမြို့နယ် ကူမဲမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ မြစ်သားမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဇော်မင်းထွေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်၊ ကူမဲနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မင်းမင်းဆွေ၊ ဒုတိယစခန်းမှူးဒုရဲအုပ်အောင်ဇော်ဇော်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်စန်းသွယ်သွယ်ဝင်းနှင့်အဖွဲ့ဝင်များ၊ ကူမဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ဆရာကြီး ဦးဇော်ဝမ်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ၊ ကျောင်းသူများ စုစုပေါင်း (၇၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)