မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား စေတီတော်အထွဋ်မှ ဓမ္မာရုံအတွင်းသို့ ပင့်ဆောင်ပူဇော်ပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၇

ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား စေတီတော်အထွဋ်မှ ဓမ္မာရုံအတွင်းသို့ ပင့်ဆောင်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်၊ ကျိုက်သုတ်စေတီတော်မြတ်ကြီး ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အလှူရှင်များ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ မြစေတီစာသင်တိုက်၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ ​ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ မြစေတီစာသင်တိုက်၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားကို“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းရုပ်သိမ်းခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးများသည် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား စေတီတော်အထွဋ်မှ ဓမ္မာရုံအတွင်းသို့ ပင့်ဆောင်ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)