တပ်ကုန်း ဒီဇင်ဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ထန်းတောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းကျင်းပရာတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ ထန်းတောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ မအိမ့်ချစ်စိုး (Grade-10) ၊ မဟန်ဇူးဇင်(Grade-11)၊ မောင်ဇေယျာထွန်း (Grade-11) ၊ မအိအိမင်း (Grade-11) တို့က လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်နည်းပညာခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေး ခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်အသိပညာပေးများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၏ အဆိုအမိန့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တင့်တင့်ခိုင်