မော်လမြိုင် ဒီဇင်ဘာ ၇
မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော်မော်လမြိုင်မြို့အား သန့်ရှင်းသာယာလှပပြီး စနစ်ကျလူနေမှုပတ်ဝန်းကျင်ကောင်းများဖြစ်လာစေရေးနှင့် ရာသီအလိုက် ပန်းအလှပင်များဖြင့် ဝေဆာစိမ်းလန်းစိုပြည်နေစေရေးအတွက် လုပ်ငန်းစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ဘူတာရပ်ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မော်လမြိုင် မီးရထားဘူတာဧရိယာအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလတ်စတစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ အမှိုက်ကားများဖြင့် ရှင်းလင်းဆောင်ရွက်ခြင်းများကို မြန်မာ့မီးရထားဝန်ထမ်းများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ စုပေါင်းဆောင်ရွက်နေမှုများ လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က မီးရထားဘူတာရုံနှင့် မီးရထားဧရိယာသည် မြို့၏အဓိကနေရာတွင် တည်ရှိသည့်အတွက် ဘူတာရပ်ဝန်းဧရိယာတစ်ခုလုံးအား သန့်ရှင်းသပ်ရပ်ပြီး စနစ်ကျသော ဝန်ထမ်းအိမ်ရာများဖြင့် ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကေရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများသည် မြန်မာ့မီးရထား(ပို့ဆောင်ရေး၊ တိုင်းအမှတ်၈)မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မော်လမြိုင်ဘူတာကြီး၌ အမှတ်(၈၂)အစုန် မော်လမြိုင်-ရန်ကုန်လေအိတ်အမြန်ရထားဖြင့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သက်တောင့်သက်သာခရီးသွားလာနိုင်ရေး၊ ရထားများသန့်ရှင်းသပ်ရပ်မှုရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေးကာ ဘူတာရုံပရဝုဏ်အတွင်း/အပြင် သန့်ရှင်းသာယာလှပစေရေးစျေးဆိုင်ခန်းများ စနစ်တကျရောင်းချစေရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားကာ ရထားခရီးစဉ်များ ပြေးဆွဲဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)