လယ်ဝေး ဒီဇင်ဘာ ၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနားကျင်းပသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးက အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က (သဲကောကြီး) Grade.9 မှ မယမုံဖူးက “လူငယ်နှင့်စာရိတ္တ”၊ မမိုးမြင့်သိင်္ဂီကျော်က “လူငယ်နှင့်ရည်မှန်းချက်”၊ မမြသန္တာကျော်က “လူငယ်နှင့်စာဖတ်ခြင်း”၊ မောင်သော်တာမင်းက “လူငယ်နှင့်ကျန်းမာရေး” စသည့်ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်ပြပွဲအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အလားတူ လယ်ဝေးမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ပညာ့အလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပရာ Grade-12 မှ မောင်ခန့်မျိုးအောင်၊ မောင်ချမ်းမြေ့အောင်၊ မသီရိကျော်ဝင်း၊ မပန်းနွေဝတ်မှုန်တို့က “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”၊ “လူငယ်နှင့်စာဖတ်ခြင်း”၊ “လူငယ်နှင့်ကျန်းမာရေး”၊ “လူငယ်နှင့်ရည်မှန်းချက်” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)